Saturday, 19 January 2013

စစ်တွေမြို့ တွင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကို လူပေါင်းထောင်ချီတက်ရောက်


ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမ ပန်းခြံတွင် (၇၃) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ယနေ့နံနက် (၉) နာရီတိတိတွင် ကျင်းပကာ လူပေါင်းထောင်ချီ တက်ရောက်ခဲ့
ကြောင်း သိရသည်။

အခမ်းအနားကို ရခိုင်တေးသံချင် ကိုဝင်းကိုခိုင်က ဆရာတော် ဦးဥတ္တမတေးသီချင်းအား အမျိုးသားရေး မာန်၊ ဟန်၊ ခံစားချက်အပြည့်ဖြင့် သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ဦးဥတ္တမပန်းခြံရှိ ဆရာတော် ဦးဥတ္တမ ရုပ်တုအား အဖွဲ့ပေါင်းစုံမှ လာရောက်ကာ လွမ်းသူ့ပန်းခွေများဖြင့် ဂါရဝပြုခဲ့ကြကြောင်း စစ်တွေမှ အာရ်ကန်တိုင်းမ်စ် သတင်းထောက် ရွှေဘန်း(စစ်တွေ) သတင်းပေးပို့ချက်အရ သိရသည်။

အခမ်းအနားသို့ သံဃာတော်များ၊ ကျောင်းသူကျောင်းသားများ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီ၊ AUSSAR ရခိုင်ကျောင်းသားသမဂ္ဂ၊ လေညင်းသာမိသားစု၊ အရှိဘက်စေတီဂေါပက အဖွဲ့၊ ဝေသာလီမိသားစု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်တွေရှိ သာရေး နာရေးအသင်းများပါ မကျန် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်လူထုများမှာလည်း ဦးဥတ္တမပန်းခြံနှင့် လမ်းမကြီးထက်တွင် ဆရာတော် ဦးဥတ္တမကို ပူဇော်သည့် တေးသီချင်းများဖွင့်ခြင်း၊ စာတန်းမျိုးစုံရေးထားသော တီချပ်များ ဝတ်ဆင်ခြင်း၊ ဆိုင်းဘိုးထောင်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ထပ်မံသိရသည်။

" ဒီနေ့ လူတွေ တော်တော့ကို ပျော်နေကြပါတယ်။ ဆရာတော် ဦးဥတ္တမနေ့ကိုမလုပ်ရတာ တော်တော်ကြာ
နေပြီ။ အခုလုပ်ခွင့်ရတယ်ဆိုတော့ ပျော်တာပေါ့။ တီချပ်တွေ၊ အချာတွေပေါ်မှာ စာတွေ ရေးထားတာ လည်း
တွေ့ရတယ်။ စာကတော့ အင်္ဂလိပ် ရခိုင် ဘာသာ နှစ်မျိုးနဲ့ပါ။ အင်္ဂလိပ်လိုကတော့ " We are not slaves. We want freedom. Fight the colony government." ပါ။ ရခိုင်လိုတော့ "ငါတို့လွတ်မြောက်ဖို့အတွက် သတ္တိရှိဖို့လိုတယ်။ ဦးဥတ္တမနေ့ကို ဘယ်သောအခါမှ မမေ့ဘူး။ ကိုယ့်ပြည်ကို ချစ်ရင် ကိုယ့်စာကိုအယင်သင်။ လွတ်လပ်ရေးအတွက် ရှိသို့ချီ" ဆိုပြီးတော့ ရေးထားသည်ဟု စစ်တွေဒေသခံတစ်ဦးက အာရ်ကန်တိုင်းမ်စ်ကို ယခုကဲ့သို့ ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသူများမှာ အလွန့်အလွန်ပျော်နေကြပြီး တချို့ဆိုလျှင် မျက်ရည်များ ဝဲကာ ငိုကြွေးနေကြကြောင်း၊ ၄င်းအပြင် အခမ်းအနား ကျင်းပနေစဉ် အာဏာပိုင်များက စစ်တပ်အင်အား အပြည့်
ဖြင့် စစ်ရေးပြကာ မြို့ထဲတွင် ကားများဖြင့် လှည့်လည်နေကြောင်း သိရသည်။





အခမ်းအနား မှာ နေ့လည်  ( ၁၂ ) နာရီ ခန့်တွင် အောင်မြင်စွာ ပြီးဆုံး ခဲ့ကြောင်းနှင့်၊ ( ၇၃ ) နှစ်မြောက် ဆရာတော် ဦးဥတ္တမ နေ့ အခမ်းအနားကို ရခိုင်ပြည်ရှိ မြို့နယ်အသီးသီးတွင် ကျင်းပပြီး ကမ္ဘာ့နိုင်ငံ အရပ်ရပ် တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့သည်ဟု သိရသည်။

သတင်း
Arakan Times
SUNDAY , SEPTEMBER 09, 2012

No comments:

Post a Comment